Monday, 18 November 2013

“မဟာပဌာန်း ဒေသနာတော် (၂၄)ပစ္စည်း ဆုတောင်း အဓိပ္ပါယ်”

၁။ ဟေတုပစ္စယော- အရင်းခံအကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သော တရား(လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟ)
ကေင်းသော အလောဘ၊ အဒေါသ၊ အမောဟတရားများသာ အစဉ်ကိန်းအောင်းနိုင်ရပါစေသား။
၂။ အာရမ္မဏပစ္စယော- အာရုံဖြစ်၍ ကျေးဇူးပြုတတ်သော တရား
(ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဌဗ္ဗာရုံ၊ ဓမ္မာရုံ)ကုသိုလ်ဖြစ်ဖွယ် ကောင်းသောအာရုံများနှင့်သာ တွေ့ကြုံရပါစေသား။
၃။ အဓိပတိပစ္စယော- အကြီးအမှူးခေါင်းဆောင်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား
(ဆန္ဒ၊ ၀ီရိယ၊ စိတ္တ၊ ၀ီမံသ(ပညာ))မိမိသူတစ်ပါး အကျိုးစီးပွါးကို အဓိပတိတရားတပ်၍ အားထုတ်ဆောင်ရွက်နိုင်ရပါစေသား။
၎။ အနန္တရပစ္စယော- အခြားမဲ့ဆက်တိုက်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားရှေ့ရှေ့စိတ်တို့ကြောင့် နောက်နောက်ကုသိုလ်စိတ်တို့သာ ဖြစ်ပေါ်

ရပါစေသား။
၅။သမနန္တရပစ္စယော- ကောင်းစွာအခြားမဲ့ဆက်တိုက်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားရှေ့ရှေ့စိတ်တို့ကြောင့် နောက်နောက်ကုသိုလ်စိတ်များသာ ကောင်းစွာဆက်တိုက် ဖြစ်ရပါစေသား။
၆။ သဟဇာတပစ္စယော- အတူတကွဖြစ်၍ ကျေးဇူးပြုတတ်သော တရားသူတော်ကောင်းတရား၊ သူတော်ကောင်းများနှင့်သာ အတူတကွ ပေါင်းဖော်ရပါစေသား။
၇။ အညမညပစ္စယော- အချင်းချင်း အပြန်အလှန် ကျေးဇူးပြုတတ်သော တရား
မိမိသူတစ်ပါး ကောင်းကျိုးများအောင် အပြန်အလှန် ဆောင်ရွက်နိုင်ရပါစေသား။
၈။ နိဿယပစ္စယော- မှီရာဖြစ်၍ ကျေးဇူးပြုတတ်သော တရား
မိတ်ကောင်းဆွေကောင်း သူတော်ကောင်းများသည် မှီရာအဖြစ် တည်ပါစေသား။
၉။ ဥပနိဿယပစ္စယော- အားကြီးသော မှီရာဖြစ်၍ ကျေးဇူးပြုတတ်သော တရား

သဒ္ဓါ၊ ပညာ၊ နေရာဒေသ၊ မိတ်ကောင်းရ၍ တိုးတက်ပွါးစီး အားကြီးသောမှီရာအဖြစ် တည်ပါစေသား။
၁၀။ ပုရေဇာတပစ္စယော- ရှေ့မှဖြစ်၍ ကျေးဇူးပြုတတ်သော တရား
ကောင်းသောအခွင့်အလမ်းများ အဆင်သင့် ပေါ်ပေါက်နှင့်ပါစေသား။
၁၁။ ပစ္ဆာဇာတပစ္စယော- နောက်မှဖြစ်၍ ကျေးဇူးပြုတတ်သော တရား
ကျောထောက်နောက်ခံ အထောက်အပံ့ကောင်းများအမြဲရရပါစေသား။
၁၂။ အာသေ၀နပစ္စယော- မှီဝဲထုံရာဖြစ်၍ ကျေးဇူးပြုတတ်သော တရား
အဖန်တလဲလဲ ကုသိုလ်စိတ်များနှင့် မိမိကိုယ်ကို ထုံမွှမ်းနိုင်ရပါစေသား။
၁၃။ ကမ္မပစ္စယော- ကုသိုလ်ကံ၊ အကုသိုလ်ကံ စေတနာဖြစ်၍ ကျေးဇူးပြုတတ်သော တရား
ကောင်းသောစေတနာနှင့် မှန်သောအလုပ်များကိုသာ ပြုလုပ်မိပါစေသား။
၁၄။ ၀ိပါကပစ္စယော- အကျိုးဖြစ်၍ ကျေးဇူးပြုတတ်သော တရား
မကောင်းကျိုးများ ပပျောက်၍ ကောင်းကျိုးအနန္တသာ ဖြစ်ပေါ်ပါစေသား။
၁၅။ အာဟာရပစ္စယော- ရုပ်နာမ်အာဟာရအဖြစ် ထောက်ပံ့၍ ကျေးဇူးပြုတတ်သော တရား
ကုသိုလ်ဖြစ်ကြောင်း ရုပ်နာမ်အာဟာရများနှင့်သာ ပြည့်စုံခိုင်ခံ့ရပါစေသား။
၁၆။ ဣန္ဒြိယပစ္စယော- ဆိုင်ရာကိစ္စများ၌ အစိုးရခြင်းဖြင့် ကျေးဇူးပြုတတ်သော တရား
မိမိဆိုင်ရာ အမှုကိစ္စများ၌ အစိုးတရ ဖြစ်ရပါစေသား။
၁၇။ ဈာနပစ္စယော- စူးစူးစိုက်စိုက်နှင့် ဆန့်ကျင်ဘက်ကို ဖျက်ဆီး၍ ကျေးဇူးပြုတတ်သော တရား
အလိုရှိရာကိစ္စများ၌ စူးစိုက်ပြုကာ ဆန့်ကျင်ဘက်ရန်ကို အောင်မြင်နိုင်ရပါစေသား။
၁၈။ မဂ္ဂပစ္စယော- လမ်းဖြစ်၍ ကျေးဇူးပြုတတ်သော တရား
ကုသိုလ်ထိပ်တန်း မဂ္ဂင်လမ်းဖြင့် နိဗ္ဗာန်တိုင်အောင် အန္တရာယ်ကင်းစွာ လျှောက်လှမ်းနိုင်ရပါစေသား။
၁၉။ သမ္ပယုတ္တပစ္စယော- တစ်သားတည်း ယှဉ်ဘက်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား
မိမိစိတ်ကို ကုသိုလ်တရားများ၌ အစဉ်ယှဉ်စပ်နိုင်ရပါစေသား။
၂၀။ ၀ိပ္ပယုတ္တပစ္စယော- မယှဉ်ဘဲ ကျေးဇူးပြုတတ်သော တရား
အကုသိုလ်တရား လူမိုက်များနှင့် မယှဉ်မတွဲရပါစေသား။
၂၁။ အတ္ထိပစ္စယော- ရှိပြီးဖြစ်၍ ကျေးဇူးပြုတတ်သော တရား
လောကီ လောကုတ္တရာ နှစ်ဖြာဥစ္စာ ရတနာများ ရရှိပိုင်ဆိုင်ရပါစေသား။
၂၂။ နတ္ထိပစ္စယော- မရှိဘဲ ကျေးဇူးပြုတတ်သော တရား
ရောဂါ ဘေးဘယာ မရှိစွာဖြင့် ကိုယ်စိတ်နှစ်ဖြာ ချမ်းချမ်းသာသာ နေရပါစေသား။
၂၃။ ၀ိဂတပစ္စယော- ကင်း၍ ကျေးဇူးပြုတတ်သော တရား
အနှောင့်အယှက် အန္တရာယ်များ ဖယ်ကာရှောင်ရှား ကင်းကွာပါစေသား။
၂၄။ အ၀ိဂတပစ္စယော- မကင်းဘဲ ကျေးဇူးပြုတတ်သော တရား
ဘ၀သံသရာ ကျင်လည်ရာတွင် ဗုဒ္ဓဘာသာ သာသနာနှင့် မကွာမကင်း ကြုံဆုံရင်းဖြင့် အလင်းဥာဏ်ပေါက် နိဗ္ဗာန်ရောက်အောင် ကျင့်ဆောင်ကြိုးစားနိုင်ရပါစေသား အရှင်ဘုရား…။

 

No comments:

Post a Comment