Wednesday 27 November 2013

ရုပ်ပွားတစ်ဆူဆူကို ဦးချတော့မည်ဆိုရင်(သို့)ဝယ်ယူတော့မည်ဆိုရင် ထိုရုပ်ပွားမှာ သင်္ကန်းပါမပါ ဦးစွာစစ်ဆေးကြည့်သင့်ပါတယ်။


 ရုပ်ပွားတစ်ဆူဆူကို ဦးချတော့မည်ဆိုရင်(သို့)ဝယ်ယူတော့မည်ဆိုရင် ထိုရုပ်ပွားမှာ သင်္ကန်းပါမပါ ဦးစွာစစ်ဆေးကြည့်သင့်ပါတယ်။

သင်္ကန်းပါရင် ဗုဒ္ဓရုပ်ပွားတော် သင်္ကန်းမပါရင်
ဂျိန်းရုပ်ပွားတော်ဆိုပြီး ခွဲခြားနိုင်ပါတယ်။ အထူးသဖြင့် ဗုဒ္ဓဂါယာသို့ ဘုရားဖူးသွားသူများပိုပြီးကြုံဖူးကြပါလိမ့်မယ်။(ကိုယ်တိုင်ကြုံဖူးလို့)

ဂျိန်းဘုရားဟာ ကွယ်လွန်သည်အထိ အဝတ် ဝတ်မသွားပါ။ သူ၏အမည်ကို ၁။နိဂဏ္ဍ(Nigantha) ၂။နာဋပုတ္တ(Nataputta)
၃။ဂျိန(Jain)
၎။မဟာဝီရ(Mahavira) ဟူ၍ သုံးမျိုးခွဲ၍ သုံးစွဲလေ့ရှိပါတယ်။

သူဟာဗုဒ္ဓမပွင့်မီ နှစ်အတော်ကြာကတည်းက ဘုရားလို့အမည်ခံထားသူ ဖြစ်ပါတယ်။

ဂျိန်းဝါဒခေါင်းဆောင် မဟာဝီရဟာ ဘီစီ(၆)ရာစုနှစ်တွင် ပေါ်ထွန်းသူဖြစ်၍ ဗုဒ္ဓနှင့်ခေတ်ပြိုင်ပုဂ္ဂိုလ်ဖြစ်ပါတယ်။ အသက်ကတော့ ဗုဒ္ဓထက် အနှစ်သုံးဆယ်ခန့်ကြီးမယ်လို့

(ဖတ်ဖူးတဲ့စာများအရ) ခန့်မှန်းရပါတယ်။
မဟာဝီရဟာ ဂျိန်းဘာသာကို စတင်တည်ထောင်သောပုဂ္ဂိုလ်မဟုတ်ပါ။ သူ့ဆရာပရရှ်ဝနာထ်(Parshvanath)ကတည်ထောင်ခဲ့ခြင်းသာဖြစ်ပါတယ်။

ဆရာ ပရရှ်ဝနာထ်သည် သူနှင့်သူ့တပည့်ဘုန်းကြီးများအား အဝတ်သင်္ကန်းဝတ်ရန်ခွင့်ပြုခဲ့၏။ နောက်ပိုင်းမဟာဝီရဂိုဏ်းခေါင်းဆောင်ဖြစ်လာသောအခါရှေးဟောင်းနိဂဏ္ဍ(Nigantha=နှောင်ကြိုးကင်းသူ)ဂိုဏ်းကို ပြန်လည်အသက်သွင်းသောအားဖြင့်သူ့တပည့်ဘုန်းကြီး(မုနိ)များကို အဝတ်သင်္ကန်းလုံးဝ မဝတ်ရဟု ပညတ်လိုက်၏။

ထို့အပြင် သံသရာမှလွတ်မြောက်အောင် ဒုက္ခခံရမည်ဟုဆိုကာ "အတ္တကိလမထာနုရောဂ"(ခန္ဓာကိုယ်ညှင်းပန်းသော)အကျင့်များ ဒုက္ခတစ်ထောင်ကျင့်လျှင် ကံဟောင်းတစ်ထောင်
ကုန်မည်ဟုဆိုကာ မြေကြီးပေါ်(သို့) ဆူးခက်ပေါ်အိပ်ခြင်းစသည့် ဆင်းရဲခေါင်းပါးသည့်အကျင့်များကိုကျင့်ရန် ဟောပြောသည်။
ရေသည် ပိုးမွှားပါရှိသဖြင့်ရေကို စစ်ပြီးမှ သောက်သုံးရမည်။ ထို့အတူ လေသည် ပိုးမွှားပါရှိသဖြင့် ပါးစပ်ကို အဝတ်ဖြင့် ပိတ်ထားရမည်။ မြေသည်လည်း ပိုးမွှားများရှိနေသဖြင့် ဖိနပ်မစီးရဟု ပညတ်လိုက်သည်။ သူသည်သစ္စာလေးပါးကိုမဟောကြားနိုင်။ပြီးလျှင်
ကိုယ်ဖြင့်ပြုလုပ်သော ကာယကံကို အပြစ်အကြီးဆုံးဟု သတ်မှတ်သည်။

ဂျိန်းဘာသာဝင်လူပုဂ္ဂိုလ်များ လိုက်နာရမည့်အဓိကကျင့်ဝတ်မှာ- အဟိံသတရားဖြစ်သည်။"သူ့အသက်ကို မညှင်းဆဲ မနှိပ်စက်ရ" ဟုဆိုလိုသည်။ ထိုသို့ နိဂဏ္ဍဂိုဏ်းကြီးကို ပြုပြင်လိုက်ခြင်းကြောင့် အာဇာနည် မဟာဝီရပုဂ္ဂိုလ်ကြီးဖြစ်လာသည်။ မဟာဝီရသည် ဝဇ္ဇီတိုင်း
ဝေသာလီမြို့အနီး ကုဏ္ဍိကရွာသား နာဋ၏သား
ဖြစ်ခြင်းကြောင့် နာဋပုတ္တ ဟုခေါ်ဝေါ်ခြင်းခံရသည်။
နိဂဏ္ဍဂိုဏ်းသို့ ဝင်ရောက်လာသောအခါ နိဂဏ္ဍ ဟု အမည်ရပြန်သည်။

သူ့မိခင်သည် တရိရှလအမည်ရှိ၍ ဝေသာလီပြည်
လိစ္ဆဝီမင်းသား ဆေတက၏ နှမဖြစ်သည်။ ထို့အပြင် ရာဇဂြိုလ်ပြည် ဗိမ္ဗိသာရမင်း၏ မိဖုရားဆေလန၏ ညီမလည်းဖြစ်သည်။ မဟာဝီရသည်
(သိဒ္ဓတ္ထမင်းသားကဲ့သို့) တစ်ဝမ်းကွဲတော်စပ်သူ နှမနှင့် လက်ထပ်ထိမ်းမြားကာ သမီးတစ်ယောက်ရသည့်အချိန် အသက်(၃၀)အရွယ်တွင် အိမ်ထောင်ကိုစွန့်၍ နိဂဏ္ဍဂိုဏ်းထဲဝင်ကာ (၁၂)နှစ်တိုင်ကြာပြီးနောက် နိဂဏ္ဍခေါင်းဆောင်(ဘုရား)အဖြစ်နှင့် တရားဟောသောအခါ(ကိလေသာငြိမ်းအေးအောင်မြင်ရေးတရားဟောပြခြင်းကြောင့်)"ဂျိနဗုဒ္ဓ-ဂျိန်းဘုရား"ဟူ၍ ကျော်ကြားလာခဲ့သည်။

(က)ဗုဒ္ဓ(သိတော်မူသောဘုရား)အမည်နှင့်
(ခ )ဇိန(အောင်တော်မူသောဘုရား)
အမည်တို့သည် သိဒ္ဓတ္ထနှင့်သော်လည်းကောင်း
နာဋပုတ္တနှင့်သော်လည်းကောင်း အခြားသောပုဂ္ဂိုလ်များနှင့်သော်လည်းကောင်း
အသိဉာဏ်ရှိသူ အောင်မြင်ပြီးသူ ဘယ်သူနှင့်မဆို
သက်ဆိုင်သော အမည်များဖြစ်သည်။ သို့ရာတွင်-
ယခုအခါ ဗုဒ္ဓဟူသောအမည်သည် သိဒ္ဓတ္ထမင်းသား၏အမည်ဖြစ်လာသည်။
ယခုအခါ ဇိန(ဂျိန)ဟူသောအမည်သည်
နာဋပုတ္တ၏အမည်ဖြစ်လာသည်။

ဗုဒ္ဓကို ဆည်းကပ်သူများသည် ဗုဒ္ဓဘာသာဝင်
(ဗုဒ္ဓစကားကိုလိုက်နာသူ)ဟူ၍ အမည်ခံယူကြသည်။

ဂျိနကို ဆည်းကပ်သူများသည် ဂျိနဘာသာဝင်
(ဂျိနစကားကိုလိုက်နာသူ ဂျိန်းဘာသာဝင်)ဟူ၍
အမည်ခံယူကြလေသည်။

ဗုဒ္ဓဘာသာဝင်ရဟန်းများက အဝတ်မစည်းသောဂျိန်းဘုန်းကြီးများကို ငါတို့နှင့်ဆန့်ကျင်သူ(တိတ္ထိ)ဟူ၍ပြောဆိုကြ၏။ ဂျိန်းဘုန်းကြီးများကလည်း
ဗုဒ္ဓဘာသာရဟန်းများကိုငါတို့နှင့်ဆန့်ကျင်သူ(တိတ္ထိ)ဟူ၍ ပြန်လည်ပြောဆိုကြလေသည်။အိန္ဒိယတွင် ယခုအချိန်ထိ ဂျိန်းဘုန်းကြီးများ အဝတ်သင်္ကန်းဝတ်ဆင်ခြင်းမရှိ။ဂျိန်းဘာသာတွင်အဝတ်မဝတ်သောဂိုဏ်း နှင့်အဝတ်ဖြူဝတ်သောဂိုဏ်းဟူ၍ နှစ်ဂိုဏ်းကွဲသွား၏။နိဂဏ္ဍ နာဋပုတ္တ ဂျိန မဟာဝီရဟူသော လေးမည်ရ(ဂျိန်းဘာသာခေါင်းဆောင်)ဂျိန(ဂျိန်းဘုရား)သည်မလ္လတိုင်း ပါဝါမြို့၌(ဗုဒ္ဓထက်စောလျင်စွာ) ကွယ်လွန်သွားလေသည်။


ဂျိန်းဘာသာနှင့်ပတ်သက်၍သိသမျှဖတ်ဖူးသမျှကိုစု၍ ရေးသားလိုက်ခြင်းသာဖြစ်ပါတယ်။


post by နှင်းဆီဖူးလေးများ-Love BUDS

No comments:

Post a Comment