Tuesday 10 December 2013

~ ယောက္ခမကို အဆိပ်ခပ်ခြင်း



တခါတုန်းက တရုတ်ပြည်မှာ လီလီဆိုတဲ့ တရုတ်မလေးဟာ အမျိုးသားတယောက်နဲ့ အိမ်ယောက်ကျပြီး ယောက္ခမအိမ်မှာ လိုက်နေပါတယ်။တအိမ်တည်းမှာလီလီတို့ဇနီးမောင်နှံရယ် ယောက္ခမဖြစ်သူအမေအိုရယ် အတူတကွနေထိုင်ကြတယ်။

သိပ်မကြာခင်မှာပဲ ယောက္ခမဖြစ်သူအဖွားကြီးနဲ့အတူနေဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး ဆိုတာကို လီလီဟာ သဘောပေါက် နားလည်လိုက်ပါတယ်။ အကြိုက်စရိုက်ချင်းကတခြားစီဖြစ်နေတာကြောင့်လီလီဟာ ယောက္ခမဖြစ်သူရဲ့ အပြုအမူတွေကိုကြည့်ပြီး အမြဲတမ်းစိတ်ညစ်နေရပါသတဲ့။ ဒီကြားထဲ ယောက္ခမဖြစ်သူက အမြဲတမ်း အပြစ်မရှိ အပြစ်ရှာပြီး ဆူဆူပူပူလုပ်နေတာကြောင့် ပိုလို့တောင် စိတ်ညစ်နေရပါသတဲ့။

ဒီလိုနဲ့ နေလာလိုက်တာ ရက်လအတော်ကြာသွားပါတော့တယ်။ လီလီနဲ့ ယောက္ခ မဖြစ်သူတို့ ရန်ပွဲကတော့ အချိန်ကြာလေ ပိုဆိုးလာလေပါပဲ။ ဒါပေမယ့် ယောက္ခမဖြစ်သူကို ချွေးမဖြစ်သူက ရိုသေဦးညွတ်ရမယ်ဆိုတဲ့ တရုတ်ရှေးရိုးအစဉ်အလာကြောင့် လီလီဟာ ယောက္ခမဖြစ်သူရဲ့အလိုဆန္ဒကိုသည်းခံလိုက်လျောနေရပါတယ်။မိန်းမဖြစ်သူနဲ့အမေဖြစ်သူတို့မသင့်မမြတ်ဖြစ်တာကိုတွေ့နေရတော့ ယောကျားဖြစ်ကလည်း အမြဲလိုလို စိတ်ညစ်နေရပါသတဲ့။ နောက်ဆုံးမှာတော့ လီလီဟာ ယောက္ခမဖြစ်သူကို ဘယ်လိုမှ သည်းခံနိုင်စွမ်းမရှိတော့ပါဘူး။ ဒါကြောင့်လီလီဟာသူ့ကိုအမြဲတမ်းစိတ်အနှောင့်အယှက်ပေးနေတဲ့ ယောက္ခမကို တခုခုတုံ့ပြန်တိုက်ခိုက်ဖို့ စိတ်ကူးပေါက်သွားပါတော့တယ်။

တနေ့မှာတော့လီလီဟာ သူ့စိတ်ကူးကို အကောင်အထည်ဖော်ဖို့ နံနံ မဆလာစတဲ့ဟင်းခတ်အမွှေးအကြိုင်တွေရောင်းတဲ့သူ့အဖေရဲ့သူငယ်ချင်းဆီကိုသွားပြီးသူတွေ့ကြုံနေရတဲ့အဖြစ်အပျက်တွေကို ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်ပါတယ်။ ပြီးတော့ သူဟာ ယောက္ခမဖြစ်သူရဲ့ အစာထဲကို အဆိပ်ခပ်လိုက်မယ်ဆိုရင်သူတွေ့ကြုံနေရတဲ့အခက်အခဲတွေအားလုံးဟာ ပြေလည်သွားနိုင်တယ်၊ ဒါကြောင့် သူအဆိပ်ခပ်ပြီး ယောက္ခမကို သတ်ပစ်ုလိက်ချင်တယ်လို့လည်း ပြောလိုက်ပါတယ်။ အဖေဖြစ်သူရဲ့ သူငယ်ချင်းဟာ အနည်းငယ် စဉ်းစားလိုက်ပြီး လီလီရေ မင်းကို ငါကူညီမယ်။ မင်းပြဿနာကို ငါကိုယ်တိုင် ကူညီဖြေရှင်းပေးမယ်။ ဒါပေမယ့် မင်း ငါပြောတကို သေသေချာချာ နားထောင်ပါ။ ငါပြောတာတွေကို အတိအကျ လိုက်နာပါလို့ ပြောလိုက်ပါတယ်။ ဒီတော့ လီလီက ဟုတ်ကဲ့ ဘာလုပ်ရမလဲဆိုတာကိုသာ ကျမကိုပြောပါ။ ဦးလေးပြောတာတွေကိုကျမတသွေမတိမ်းလိုက်နာပါ့မယ်လို့ ပြန်ပြောလိုက်ပါတယ်။

ဒီတော့ ဆေးရောင်းတဲ့ ဦးလေးဖြစ်သူက အိမ်ခန်းထဲကို ၀င်သွားပါတယ်။ အတန်ကြာတဲ့အခါ လက်ထဲမှာ ဆေးအိပ်လေးတခုကို ကိုင်းပြီး အခန်းထဲကနေ ပြန်ထွက် လာခဲ့ပါတယ်။ ပြီးတော့ သူက ဒီမှာ မင်းလိုချင်တဲ့ အဆိပ်တွေရပြီ၊ ဒါပေမယ့် နင့်ယောက္ခမကို သတ်ဖို့ ဒီအဆိပ်တွေကို တခါတည်း အကုန်လုံးကို မသုံးနဲ့။ တကြိမ်တည်း သုံးပြီး သတ်ပစ်လိုက်မယ်ဆိုရင် ပတ်ဝန်းကျင်က လူတွေ အကုန်လုံးက ဒီအဖွားကြီးဟာ အဆိပ်မိလို့ သေရတယ်ဆိုတာကို ရိပ်မိကုန်လိမ့်မယ်။ ဒါကြောင့် နင့်ကို ငါအခု အထုပ်ကလေးတွေ ပေးလိုက်မယ်။ တဆင့်ပြီးတဆင့် သာ ထုတ်သုံးပေတော့။ ထမင်းစားတဲ့အခါ ဟင်းထဲမှာ ဒီအဆိပ်တွေကို တဖြည်းဖြည်းထည့်သွားမယ်ဆိုလို့ရှိရင် အဆပ်တွေဟာ အဖွားကြီးရဲ့ ခန္ဓာကိုယ်ထဲ မှာ ပြန့်နှံ့သွားပြီး ရက်အတော်ကြာတဲ့အခါမှ တဖြည်းဖြည်း အဆိပ်တက်ပြီး သေသွား လိမ့်မယ်။

ဒါကြောင့် ဟင်းကောင်းကောင်းချက်ပြီး အဲဒီအထဲမှာ အဆိပ်ကို နည်းနည်းဆီထဲ့ပြီး ကြွေးလိုက်ပါ။ ဒါမှ နင့်ကို ဘယ်သူမှ သံသယမဖြစ်မှာ။ ဒါကြောင့် သေသေချာချာ ဂရုစိုက်ပြီး လုပ်ပါ။ အဖွားကြီးကို စိတ်ဆိုးတဲ့ အမူအရာတွေ မပြနဲ့တော့။ ဆူပူရန်တွေ့တာတွေလည်း မလုပ်နဲ့။ သူဘာပြောပြော အတတ်နိုင်ဆုံး သည်းခံပြီး သူပြောတာတွေကို လိုက်နာဆောင်ရွက်ပေးလိုက်ပါ။ကိုယ့်အမေတယောက်လိုကို သေသေချာချာ ပြုစုပေတော့လို့မှာကြားလိုက်ပါတော့တယ်။သူ့အကြံအောင်တော့မယ်ဆိုတဲ့အတွေးနဲ့လီလီဟာအရမ်းပဲ ပျော်ရွှင်ကျေနပ်သွားပါတော့တယ်။ ကျေးဇူးတင်ကြောင်းပြောပြီး သူ့အကြံအစည်ကို အကောင် အထည်ဖော်ဖို့ အိမ်ကိုပြန်လာခဲ့ပါတယ်။

ဒီလိုနဲ့ ဆေးဆရာပြောတဲ့အတိုင်း လိုက်နာဆောင်ရွက်လာလိုက်တာ ရက်လတွေ အတော်ကြာသွားပါတော့တယ်။လီလီဟာ ယောက္ခမဖြစ်သူကို ညွန်ကြားချက်အတိုင်းအစားကောင်းတွေချက်ကျွေးပါတယ်။အမေတယောက်လို ပြုစုလုပ်ကျွေးရင်းအတတ်နိုင်ဆုံးသည်းခံပြီး နေထိုင်ဆက်ဆံလာလိုက်တာ ခြောက်လကျော်သွားတဲ့အခါ ယောက္ခမဖြစ်သူဟာ စိတ်ထားတွေ အတော်လေး ပြောင်းလဲသွားပါတော့တယ်။

လီလီဟာလည်းသည်းခံခြင်းအကျင့်ကို တော်တော်လေးပေါက်ပေါက်ရောက်ရောက်ဖြစ်အောင် ကျင့်နိုင်သွားပါသတဲ့။ အခါတိုင်းလို စိတ်မဆိုးတတ်အောင် ဒေါသကိုဘယ်လိုထိန်းချုပ်ရမယ်ဆိုတာကို ကောင်းကောင်းနားလည်သဘောပေါက်သွားပါတော့တယ်။ ကြာတော့ ယောက္ခမဖြစ်သူဟာ စိတ်တွေသိသိသာသာပြောင်းလဲသွားပြီး လီလီကို တကယ့်သမီးအရင်းလိုကို ချစ်ခင်သွားပါသတဲ့။ အိမ်နီးနားချင်းတွေ မိတ်ဆွေတွေ ဆွေမျိုးသားချင်းတွေနဲ့တွေ့တိုင်း လီလီဟာတကယ့်ကိုချစ်ခင်ဖို့ကောင်းတဲ့အလွန်တော်တဲ့ ချွေးမလေးဖြစ်ကြောင်း ချီးမွမ်းလေ့ရှိပါသတဲ့။ လီလီက ယောက္ခမဖြစ်သူကို အမေအရင်းလို ဆက်ဆံလိုက်တော့ ယောက္ခမဖြစ်သူ ကလည်း လီလီကို တကယ့်သမီးအရင်းလိုကို ချစ်ခင်သွားပါတော့တယ်။ သားအမိအရင်းတွေလိုဖြစ်သွားတဲ့ လီလီနဲ့ အမေဖြစ်သူကိုကြည့်ရင်း ယော ကျားဖြစ်သူဟာ အလွန်ပဲ ပျော်ရွှင် ကြည်နူးကျေနပ်နေပါသတဲ့။

တနေ့မှာတော့လီလီဟာ ဆေးဆရာကြီးဆီကို ပြန်သွားပြီးအကူအညီတခု တောင်းလိုက်ပါတယ်။လီလီကဦးလေးရေကျမကိုတခုကူညီပါ။ ယောက္ခမကိုသတ်ဖို့ ကြံရည်ရွယ်ထားတဲ့ အဆိပ်တွေကို ရပ်တဲ့ပေးပါတော့။ သူဟာ အခု မယုံကြည်နိုင်လောက်အောင်ကို ပြောင်းလဲသွားပါပြီ။ သူဟာ ကျမကို တကယ့်သမီးအရင်းတယောက်လိုကို သံယောဇဉ်ဖြစ်နေပါပြီ။ ကျမကလည်း အမေအရင်းတယောက်လို သံယေဇဉ်ဖြစ်နေပြီလေ။ ကျမပေးတဲ့ အဆိပ်ကြောင့် သူကိ မသေစေချင်တော့ဘူး။ ဟုတ်တယ်။ အခု ကျမ သူ့ကို မသေစေချင်တော့ဘူး။ ကျွေးမိတဲ့အဆိပ်တွေကို ပြန်ဖြေဖို့ ကျမကိုကူညီပါလို့လီလီက ဆေးဆရာကြီးကို ပြောလိုက်တဲ့အခါ ဆေးရောကြီးက မိန့်မိန့်ကြီးပြုါံ်ပြီး ခေါင်းကို တဆတ်ဆတ်ငြိမ့်နေပါတော့တယ်။

ပြီးတော့ သူက လီလီရေ နင်အဲဒီအတွက် ဘာမှ စိုးရိမ်စရာမလိုဘူးဟေ့။ ဘာကြောင့်လဲဆိုတော့ ငါနင့်ကို ဘယ်တုန်းကမှ အဆိပ်တွေ မပေးခဲ့လို့ပဲ။ ငါပေးလိုက်တဲ့ အဆပ်ထုပ်ဆိုတာတွေကတကယ့်အဆိပ်တွေမဟုတ်ပါဘူး။ တကယ်တော့ အဒီအထုတ်လေးတွေဟာ နင့်ယောက္ခမကြီး ကျန်းမာရေးကောင်းစေမယ့် ဗီတာမင်တွေလေ။

လီလီရေတကယ့်အဆိပ်ကနင့်စိတ်ထဲမှာပဲရှိနေတာပါ၊နင့်ရဲ့ ယောက္ခမအပေါ်ထားတဲ့ ဒေါသစိတ်တွေ အလိုမကျတဲ့စိတ်တွေကသာ နင့်အတွက် အဆိပ်တွေဖြစ်နေတာပါကွယ်။ ဒါပေမယ့် အဲဒီအဆိပ်တွေလည်း အခု နင့်မှာ မရှိတော့ဘူးလေ။ အခုဆို နင်ဟာ အမေတယောက်လို ချစ်ခင်တဲ့ ချစ်ခြင်းမေတ္တာတရားနဲ့ အဲဒီ ဒေါသအာဃာတဆိုတဲ့ အဆိပ်တွေကို အကြွင်းမဲ့ ဆေးကြောပြီးသွားပြီပေါ့ကွယ် လို့ ပြန်ပြောလိုက်ပါတော့တယ်။


post by နှင်းဆီဖူးလေးများ-Love BUDS

No comments:

Post a Comment