Friday, 18 October 2013

ပ၀ါရဏာယဉ်ကျေးမှု


ဒီနေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ထားရာ သီတင်းကျွတ်လပြည့်နေ့ အခါသမယပါ။ သီတင်းကျွတ်လပြည့်နေ့ကို “ပ၀ါရဏာနေ့”လို့ ခေါ်ဆိုကြပါတယ်။ ပ၀ါရဏာဆိုတာ ဘာလဲ၊ ဘာကြောင့် ပ၀ါရဏာနေ့လို့ ခေါ်တာလဲ၊ မေးစရာ ရှိလာပြီ။ ဒီတော့ ပ၀ါရဏာရဲ့ သမိုင်းကြောင်းကို ပြန်လှန်ကြည့်ရအောင်။မြတ်စွာဘုရားရှင် လက်ထက်တော်အခါက ရဟန်းတော်အချို့ဟာ ကောသလတိုင်း ဇနပုဒ်မှာရှိတဲ့ ကျောင်းတစ်ခုမှာ ၀ါဆိုကြပါတယ်။ အဲဒီရဟန်းတော်တွေဟာ ငြင်းခုံမှုမရှိဘဲ ညီညီညွတ်ညွတ်၊ ၀မ်းမြောက်ဝမ်းသာဖြင့် အတူ သီတင်းသုံးနေထိုင်နိုင်ဖို့အတွက် ဘယ်လို ကျင့်သုံးနေထိုင်ရင် ကောင်းမလဲဆိုပြီး အချင်းချင်း တိုင်ပင်ကြပါတယ်။ အဲဒီလို တိုင်ပင်တဲ့အခါမှာ “အချင်းချင်း လုံးဝ စကားမပြောဘဲ ကိုယ့်တာဝန်ကို ကျေပွန်အောင် အသီးသီး ထမ်းဆောင်ကြဖို့၊ ကိစ္စကြီးငယ် ရှိရင်တောင် စကား လုံးဝမပြောဘဲ အမူအရာဖြင့်သာ ပြောဆိုညွှန်ပြဖို့ ” ဆိုတဲ့ သဘောတူညီချက်တစ်ခု ရပါတယ်။ အဲဒီလို နေထိုင်မယ်ဆိုရင် အချင်းချင်း စိတ်ဝမ်းကွဲပြားမှု မရှိဘဲ ချမ်းချမ်းသာသာ နေနိုင်လိမ့်မယ်လို့လည်း အားလုံးက ယူဆကြပါတယ်။ ဒါကြောင့် တစ်ပါးနဲ့တစ်ပါး စကား မပြောကြဘဲ ပထမဆုံး ရွာထဲက ဆွမ်းခံပြန်ရောက်တဲ့ရဟန်းက နေရာခင်းခြင်း၊ ခြေဆေးရေ ခြေဆေးအင်းပျဉ် စီမံထားခြင်း၊ ဆွမ်းထည့်ဖို့ခွက်ကို ရေဆေးပြီး ချထားခြင်း၊ သောက်ရေ၊ သုံးဆောင်ရေ တည်ထားခြင်းစတဲ့ ကိစ္စတွေကို လုပ်ဆောင်ထားပါတယ်။ နောက်ကျမှ ဆွမ်းခံပြန်လာတဲ့ ရဟန်းက ကြွင်းကျန်တဲ့ ဆွမ်းတွေကို စားလိုက စား၊ မစားလိုက စိမ်းစိုသော မြက်သစ်ပင် မရှိသော အရပ်၌ စွန့်ပစ်ခြင်း၊ ပိုးမရှိသော ရေ၌ သွန်ခြင်း၊ နေရာကို ခေါက်သိမ်းခြင်း၊ ခြေဆေးရေ ခြေဆေးအင်းပျဉ်တို့ကို သိမ်းဆည်းခြင်း၊ ဆွမ်းထည့်သည့် ခွက်ကို ရေဆေး၍ သိမ်းဆည်းခြင်း၊ သောက်ရေ သုံးဆောင်ရေကို သိမ်းဆည်းခြင်း၊ ဆွမ်းစားဇရပ်ကို တံမြက်လှည်းခြင်းစသည့်ကိစ္စတွေကို လုပ်ဆောင်ရပါတယ်။သောက်ရေအိုးတို့၊ သုံးဆောင်ရေအိုးတို့၊ သန့်သက်ရေအိုးတို့မှာ ရေမရှိဘူးဆိုရင်လည်းမြင်တဲ့ရဟန်းက ရေဖြည့်ရပါတယ်။ တစ်ကယ်လို့ တစ်ပါးတည်း အိုးကို မ,မနိုင်ဘူးဆိုရင် အဖော်ရဟန်းတစ်ပါးကို လက်ယပ်ခေါ်ပြီး အကူညီတောင်းရပါတယ်။(စကား လုံးဝမပြောရပါ) အဲဒီလိုနဲ့ ၀ါတွင်းသုံးလပတ်လုံး စကားမပြောဆိုကြဘဲ ညီညွတ်စွာ နေထိုင်ကြပြီးနောက် ၀ါကျွတ်တဲ့အခါမှာတော့ မြတ်စွာဘုရားရှင်ကို ဖူးမြော်ကန်တော့ဖို့ဆိုပြီး ဘုရားရှင် သီတင်းသုံးရာ သာဝတ္ထိပြည်ကို ကြွချီကြပါတယ်။ ဘုရားရှင်ထံမှောက် ရောက်တဲ့အခါမှာ မြတ်စွာဘုရားရှင်က''ရဟန်းတို့ … ကျန်းမာကြ၏လော၊ မျှတကြ၏လော၊ အညီအညွတ် ၀မ်းမြောက်ဝမ်းသာ မငြင်းခုံဘဲ ချမ်းသာစွာ ၀ါကပ်ခဲ့ကြရကုန်၏လော၊ ဆွမ်းအတွက်လည်း မပင်ပန်းဘဲ ရှိကြကုန်၏လော'' ဆိုပြီး မေးတော်မူတဲ့အခါမှာ သူတို့အနေနဲ့ ဘယ်လို ကတိက၀တ်မျိုးထားပြီး နေထိုင်ကြကြောင်း၊ စကားလည်း လုံးဝ မပြောဆိုကြကြောင်း၊ ဒါကြောင့် ငြင်းခုံမှုမရှိဘဲ ချမ်းသာစွာ ၀ါကပ်ခဲ့ကြရကြောင်းစသည်ဖြင့် ဖြစ်ကြောင်းကုန်စင် လျှောက်ထားကြပါတယ်။မြတ်စွာဘုရားရှင်က စကားမပြောဆိုဘဲ နေခြင်းဟာ နွားတို့၏ နေခြင်း၊ ဆိတ်တို့၏ နေခြင်း၊ ရန်သူတို့၏ နေခြင်းနှင့် တူကြောင်း ဥပမာပေးပြီး ရဟန်းတွေကို ကဲ့ရဲ့ရှုံ့ချတော်မူပါတယ်။ အဲဒီနောက် မြတ်စွာဘုရားရှင်က “ရဟန်းတို့….၀ါကပ်ခြင်းမှ ထသော ရဟန်းတို့အား မြင်၍ဖြစ်စေ၊ ကြား၍ဖြစ်စေ၊ ယုံမှား၍ဖြစ်စေ သုံးပါးသောအကြောင်းတို့ဖြင့် ဖိတ်ကြားခြင်း 'ပ၀ါရဏာပြုခြင်း' ငှါ ခွင့်ပြု၏၊ ထိုသို့ ဖိတ်ကြားခြင်းသည် သင်တို့အတွက် အချင်းချင်း လိုက်လျောခြင်း၊ အာပတ်မှ ထမြောက်စေခြင်း၊ ၀ိနည်းကို ရှေးရှုခြင်းဖြစ်လတံ္တ့”ဆိုပြီး မိန့်တော်မူခဲ့ပါတယ်။ ဒါကြောင့် ပုရိမ၀ါမှထတဲ့ ရဟန်းတွေဟာ သီတင်းကျွတ်လပြည့်နေ့မှာ ပ၀ါရဏာပြုကြခြင်း ဖြစ်ပါတယ်။ ပ၀ါရဏာပြုတယ်ဆိုတာ တစ်ကယ်တော့ ရဟန်းသံဃာအချင်းချင်း အပြစ်တွေ ရှိရင် ခွင့်လွှတ်ကြဖို့ ဖိတ်မံပန်ကြားတာပါ။ “တပည့်တော်မှာ အပြစ်ရှိတယ်လို့ မြင်တာဖြစ်စေ၊ ကြားတာဖြစ်စေ၊ ယုံမှားသံသယဖြစ်တာမျိုးဖြစ်စေ ရှိတယ်ဆိုရင် ပြောဆိုကြပါ၊ တပည့်တော် အပြစ်ကို ကုစားပါ့မယ်” ဆိုပြီး တစ်ပါးချင်းစီ လျှောက်ပြီး သံဃာကို ပန်ကြားရပါတယ်။ သံဃာ့အဖွဲ့အစည်းမှာ အခုလို အပြန်အလှန် လေးစားမှုထားပြီး ဖိတ်မံပန်ကြားခြင်းဟာ အတုယူစရာကောင်းတဲ့ အပြုအမူဖြစ်သလို ချစ်စရာကောင်းတဲ့ ယဉ်ကျေးမှုတစ်ခုလည်း ဖြစ်ပါတယ်။ သံဃာ့အဖွဲ့အစည်းရယ်လို့မှ မဟုတ်ပါဘူး။ ဘယ်အဖွဲ့အစည်းမှာမဆို အဖွဲ့ဝင်တွေအချင်းချင်း အခုလို အပြစ်ရှိရင် ထောက်ပြဝေဘန်ဖို့ ၀မ်းမြောက်ဝမ်းသာ ဖိတ်ခေါ်မယ်၊ တစ်ခြားသူတွေအနေနဲ့လည်း နားလည်ခွင့်လွှတ်သင့်တာကို ခွင့်လွှတ်၊ အပြုသဘောနဲ့ ထောက်ပြဝေဘန်သင့်တာကို ဝေဘန်မယ်ဆိုရင် အပြန်အလှန် ချစ်ခင်လေးစားမှုနှင့် ညီညွတ်မှုကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ သီတင်းကျွတ်လပြည့် အခါသမယမှာ သံဃာတော်တွေ ပ၀ါရဏာပြုကြသလို လူပုဂ္ဂိုလ်များအနေဖြင့်လည်း မိမိတို့ရဲ့ မိဘ၊ ဆရာသမားစသူတို့အား သွားရောက်ကန်တော့ပြီး ကံ(၃)ပါးနှင့် ပြစ်မှားမိတာရှိရင် ခွင့်လွှတ်ကျေအေးဖို့ တောင်းပန်လေ့ရှိကြပါတယ်။ မြန်မာလူမျိုးတို့ရဲ့ ချစ်စရာကောင်းတဲ့ အလေ့အထတစ်ခုလို့လည်း ပြောလို့ရပါတယ်။ လူကြီးနဲ့ လူငယ်ကြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပဋိပက္ခတွေကြောင့် စိတ်ထဲမှာ အစိုင်အခဲတွေ ဖြစ်နေရင်တောင် အဲဒီလို ကန်တော့လိုက်တဲ့အချိန်မှာ ရှိသမျှ အစိုင်အခဲတွေ ပြေလျော့သွားပြီး နွေးထွေးတဲ့ မေတ္တာတရားကို နှစ်ဦးနှစ်ဖက် ခံစားရလေ့ရှိပါတယ်။ ဂါရ၀၊ နိဝါတတရားဆိုတာ မြန်မာလူမျိုးတွေနဲ့ မစိမ်းတဲ့အရာတွေပါ။ (၃၈)ဖြာ မင်္ဂလာတရားတော်မှာလည်း ပါ ပါတယ်။ ငယ်သူက ကြီးသူအပေါ်မှာ ဂါရ၀ထား၊ ကြီးသူက ငယ်သူအပေါ် နိဝါတထားပြီး အပြန်အလှန်လေးစားချစ်ခင်မှုနဲ့ တည်ဆောက်ထားတဲ့ လူ့အဖွဲ့အစည်းဟာ ဘယ်လောက်လှပနေမလဲ။ မြင်ကွင်းတစ်ခုကို ခံစားကြည့်လိုက်ပါ။ သား၊ သမီးတွေက မိဘကို ရိုးကျိုးစွာ ကန်တော့နေချိန်။ တပည့်တွေက ဆရာသမားကို လေးစားစွာ ကန်တော့နေချိန်။ သူတို့တွေရဲ့ ရင်ထဲမှာ လှိုက်လှိုက်လှဲလှဲ ခံစားချင် ခံစားနေရမယ်။ သူတို့ရဲ့ မျက်ဝန်းမှာ မျက်ရည်တွေ ဝေ့သီချင် သီနေလိမ့်မယ်။ ဒါပေမဲ့ အဲဒီခံစားမှုနဲ့ မျက်ရည်တွေကို စကားလုံးတွေနဲ့ ရေးဖွဲ့လို့ မရနိုင်ဘူး။ ဘာသာဗေဒနဲ့ တင်ပြလို့ မပြည့်စုံနိုင်ဘူး။ သင်ကိုယ်တိုင် ခံစားဖူးမှသာ နားလည်နိုင်ပါလိမ့်မယ်။ ဒါသည်ပင် လောကရဲ့ အလှတရားလို့ ကျွန်ုပ်တင်စားမည်ဆိုပါက လွန်အံ့မထင်။

Vicitta Ashinvicittalanka

No comments:

Post a Comment